Sunday, December 9, 2007

ပြည်မြို့၊ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး




ပြည်မြို့ ၊ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ကြည်ညိုဖွယ်ရာမြင်ကွင်း
ပြည်မြို့ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ သမိုင်းအကျဉ်းကို ကျွန်တော်အနည်းငယ်တင်ပြစေချင်ပါတယ်.....လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးသည် မြတ်စွာဘုရားသက်ရှိထင်ရှားရှိစဉ်ကပင် တည်ထားကိုးကွယ်ခဲ့သော စေတီတော်မြတ်ကြီးဖြစ်ပါသည်။ ““လေးဆူဓါတ်ပျော်““ဟု ဆိုရခြင်းမှာ( ၁ )ကကုသန်မြတ်စွာဘုရား၏ ဒုကုဋ်သင်္ကန်းတော် ( ၂ )ကောဏဂုံမြတ်စွားဘုရား၏ အံသကုဋ်တော်( ၃ )ကဿဖမြတ်စွာဘုရား၏ ခါးပန်းတော် ( ၄ )ဂေါတမမြတ်စွာဘုရား၏ ဆံတော်လေးဆူ၊ မွေးရှင်တော်မြတ်ရှစ်ဆူ၊ နိသီဒိုင်တော်တို့ကို ဌာပနာ၍တည်ထားသောကြောင့် ဖြစ်ပါတယ်..စေတီတော်မြတ်ကြီ တည်ထားသော တောင်တော်ကို “ သုဒဿန”တောင်တော်ဟု ခေါ်ဆိုပါတယ်.. မြတ်စွာဘုရားနုစဉ်အခါ ဟင်္သာမင်း၊ ကြက်မင်း၊ ဖွတ်မင်း၊ ယုန်မင်းဖြစ်စဉ်က နေထိုင်ခဲ့သော တောင်တော်ဖြစ်ပါတယ်။အဆိုပါစေတီတော်ကြီး၏ ဒယကာများမှာ အဇ္ဇိကနှင့် ဘလ္လိကကုန်သည်ညီနောင်၊ ဧရာပထနဂါးမင်း၊သမ္ဘုလ္လနဂါးမင်း၊ သိကြားမင်း၊ ဗြမ္မာမင်းတို့ဖြစ်ကြပါတယ်။ မဟာသက္ကရာဇ်
( ၁၀၃ )ခုနှစ်၊ တပေါင်းလဆန်း( ၁၃)ရက်နေ့တွင် စတင်တည်ထားရာ ထိုနှစ်တပေါင်းလပြည့်နေတွင် ပြီးဆုံးခဲ့ပါတယ်။သက္ကရာဇ် ( ၁၂၆ )ခုနှစ်တွင် သရေခေတ္တရာပြည်ကို စိုးစံတော်မူသော ဒွတ္တဘောင်မင်းကြီးသည် ယခင်စေတီတော်မြတ်ကြီးကို ယခုဖူးမျှော်ရသည့်အတိုင်း ပြန်လည်ပြုပြင်မွမ်းမံခဲ့ပါသည်...။ မြန်မာမင်းများ အဆက်ဆက် စေတီတော်ကို ဖူးမျှော်ကြည်ညိုကြပြီး လိုအပ်သည်များကို ပြန်လည်ပြုပြင်မွမ်းမံခဲ့ကြပါတယ်။သက္ကရာဇ် ( ၄၄၅ )ခုနှစ် ( အေဒီ - 1083 ) တွင် ပုဂံပြည့်ရှင် ကျန်စစ်သားမင်းကြီးသည် စေတီတော်ကိုဖူးမျှော်ကြည်ညိုပြီး မိမိ၏ဘ၀ဖြစ်စဉ်နှင့် စေတီတော်သမိုင်းအကျဥ်းကို မွန်ဘာသာဖြင့် ကျောက်စာရေးထိုးပြီးစေတီတော်၏ အလယ်ပစ်စယံ တနင်္ဂနွေထောင့်တွင် စိုက်ထူခဲ့ပါသည်။ ထိုကျောက်စာကို ယဉ်ကျေးမှုဝန်ကြီးဌာနက ကျောက်စာတိုက်တည်ဆောက်၍ ထိန်းသိမ်းထားပါတယ်..။အင်းဝခေတ်တွင် မြန်မာ့သမိုင်း၌ အရေးပါသောဖြစ်စဉ်တစ်ခု ရွှေဆံတော်ရင်ပြင်တော်ပေါ်တွင် ဖြစ်ပွားခဲ့ပါတယ်။ အကြောင်းမှာ အင်းဝဘုရင် မင်းခေါင်နှင့် မွန်ဘုရင်ရာဇာဓိရာဇ်တို့ ရွှေဆံတော်ဘုရားရင်းပြင်တော်ပေါ်တွင် သစ်စာပြု၍ ငြိမ်းချမ်းရေးရယူခဲ့ပါတယ်။ သက္ကရာဇ် ( ၁၁၁၆ )ခုနှစ် ၊ တပို့တွဲလပြည့်ကျော် ( 12 )ရက်နေ့တွင်အလောင်းမင်းတရားကြီးသည် ပြည်မြို့ကို မွန်တို့လက်ဝယ်မှ အောင်မြင်စွာသိမ်းပိုက်ခဲ့ပါတယ်.... အလောင်းမင်းတရားကြီးသည် ထိုနေ့ညနေမှာပင် စေတီတော်မြတ်ရင်ပြင်တော်ပေါ်သို့ တက်ရောက်ပြီး စေတီတော်ကြီးကို ဖူးမျှော်ရာတွင် မိမိ၏ကုသိုလ်ရွှေထီးတော်တင်လှူလိုသော ဆန္ဒပေါ်ပေါက်လာသဖြင့် ထိုနှစ်တပေါင်းလပြည့်နေတွင် ယခင်မွန်ဘုရင်တို့တင်လှူခဲ့သော မွန်ထီးတော်ကိုမဖယ်ရှားပဲ မြန်မာထီးတော်ကို ဆင့်၍တင်လှူပူဇော်ခဲ့ပါတယ်....။ ထို့ကြောင့် လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ယခုတိုင် ထီးတော်( ၂ )ဆင့်ဖြစ်နေခြင်း ဖြစ်ပါတယ်။
၎င်းပင်လျှင် စေတီတော်ကြီး၏ထူးခြားချက်ဖြစ်ပါတယ် ... ။ စေတီတော်ကြီး၏ ထီးတော်(၂)ဆင့်ကို ပုံစံပြု၍ ပြည်မြို့အနီးဝန်းကျင်ရှိ စေတီတော်များတွင်လည်း ထီးတော်(၂)ဆင့်ပုံစံဖြင့် တင်လှူပူဇော်သောအစဉ်အလာ ဖြစ်ပေါ်ခဲ့ပါတယ်။ခရစ်နှစ် ( 1858 )ခုနှစ် ( ၁၂၂၀-ခု၊ ၀ါခေါင်လပြည့် ) ညနေ( ၃)နာရီအချိန်တွင် ပြင်းထန်သောမြေငလျှင်တစ်ခုဖြစ်ပွားခဲ့ရာ လေးဆူဓါတ်ပျှော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ခေါင်းလောင်းမှောက်အထိ ပြိုကျပျက်စီးခဲ့ပါတယ်...။ ထိုအကြောင်း ပြည်မြို့ရှိ ကုန်သည်ကြီး ဦးသာရွဲ က မင်းတုန်းမင်းကြီးထံသို့ သွားရောက်လျှောက်ထားရာ မင်းတုန်းမင်းက ပြင်ဆင်ခွင့်စာချွန်တော်နှင့် အလှူတော်ငွေ နှစ်သောင်းကျပ်ထည့်ဝင် လှူဒါန်းခဲ့သဖြင့် ရဟန်းရှင်လူပြည်သူများ၏ စုပေါင်းထည့်ဝင်ငွေတို့ဖြင့် စုပေါင်းကာစေတီတော်ကြီးကို ပြန်လည် ပြုပြင်မွမ်းမံခဲ့ပါတယ်။ ( 13.4.2002 )ခုနှစ်၊ စနေနေ့ ညနေ ( 04း15 )အချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စေတီတော်မြတ်ကြီး၏ ထီးတော် ယိုယွင်းပျက်စီးသွားခဲ့ပါတယ်...။ ၄င်းကို ရဟန်းရှင်လူပြည်သူများသည် ( 21.10.2002 )ရက်နေ့ ၊ တနင်္လာနေ့တွင် ရွှေသားအတိပြီးသော ရွှေထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နား တော်တို့ကို အသစ်ပြန်လည် တင်လှူပူဇော်ခဲ့ပါတယ် ... ။လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးအား ( ၅ )နှစ်တစ်ကြိမ် ရွှေသင်္ကန်းဆပ်ကပ်လှူဒါန်းမြဲဖြစ်ပါတယ်....။ လုံတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းကို ( 15.1.2006 )ရက်နေ့၊ တနင်္ဂနွေနေ့မှ( 26.4.2006 ) ဗုဒ္ဓဟူးနေ့အထိ အောင်မြင်စွာကပ်လှူပူဇော်နိုင်ခဲ့ပါတယ် ..... ။
နှစ်စဉ်တန်ဆောင်မုန်းလဆန်း ( ၈ ) ရက်နေ့ရောက်တိုင် ရွှေဆံတော်ဘုရားပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပမြဲဖြစ်ပါတယ်။ယခုအခါ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးသည် ပြည်မြို့ ၊ သုဒဿနတောင်တော်ထက်တွင် ရွှေတောင်ကြီးပမာ သပ္ပါယ်တည်ရှိ၍ ဗြမ္မာနတ်လူ၊ သုံးဘုံသူတို့၏ပူဇော်အထူးကို ခံယူတော်မူလျှက်ရှိပါကြောင်းနှင့် ပြည်မြို့သို့ တခါတခေါက်ရောက်ခဲ့လျှင် ၀င်ရောက်ဖူးမျှော် ကြည်ညိုနိုင်ကြပါကြောင်း နှိုးဆော်တင်ပြလိုက်ရပါတယ် .......... ။

No comments: