


အခုကျွန်တော် မြန်မာနိုင်ငံမှာ တစ်ဆူတည်းသာရှိပြီး ထူးခြားစွာ ရွှေမျက်မှန်တပ်ဆင်ထားတဲ့ သမိုင်းဝင် ““ ရွှေမျက်မှန် ”” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအကြောင်းကို တင်ပြပူဇော်ချင်ပါတယ်... ရုပ်ပွားတော်မြတ်ကြီးရဲ့ တည်နေရာကတော့ ပဲခူးတိုင်း ( အနောက်ပိုင်း ) ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် တည်ရှိပါတယ်.....
ပျူခေတ်နှောင်း ၊ သရေခေတ္တရာ ဒွတ္တဘောင်မင်းကြီးနှင့် ဗိဿနိုးမိဖုရား၊ စန္ဒာ ဒေ၀ီမိဖုရားတို့ဟာ ရွှေနတ်တောင် စေတီတော်မြတ်ကြီးကို ဖူးမျှော်ပြီးအပြန် ယခုရွှေတောင်မြို့၊ တည်ကုန်းရပ်တွင် ညအိပ် ရပ်နားခဲ့ပါတယ်။ ဗိဿနိုးမိဖုရားကြီးက ဤအရပ်တွင် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ဖူးမျှော်ရကြောင်းအိမ်မက် မြင်မက်ခဲ့သဖြင့် နံနက်မိုးလင်းသောအခါ မင်းကြီးအားလျှောက်တင်၍ မှူးမတ်၊ပရိတ်သတ်တို့နှင့် အိမ်မက်အရ လိုက်လံရှာဖွေခဲ့ပါတယ်...
အဲ့ဒီလို လိုက်လံရှာဖွေရာမှာ ဖျောက်ဆိပ်ကုန်း ( ယခု-သိမ်ကုန်း )သို့ရောက်သောအခါ ထူးခြားသော ရောင်စဉ်တန်းများကောင်းကင်သို့ ဖြာတက်သွားတာကို မင်း၊မိဖုရား၊ မှူးမတ်အပေါင်းတို့ တွေ့မြင်လိုက်ရသဖြင့် ထိုနေရာတွင် မိမိတို့ဘုရားတည်ရန်အတွက် နတ်ကောင်းနတ်မြတ်များကပြသခြင်းဖြစ်သည့်ဟု ယုံကြည့်သဖြင့် မဟာသက္ကရာဇ် ( ၂၅၀ )ခုနှစ်တွင် ယခုရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်ခဲ့ပါတယ်... ( တည်ထား ကိုးကွယ်စဉ်အခါက မျက်မှန်တပ်ဆင်ထားခြင်းမရှိပါဘူး )
ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခဲ့ပြီး မကြာမီမှာပဲ ဒွတ္တဘောင်မင်းတရားကြီးရဲ့ နတ်မျက်စိ အလင်းရောင်ကွယ်ပျောက်သွားရာ ပညာရှိမူးမတ်များက ဗေဒင်ကိန်းခန်းများတွက်ချက်ကြည့်ရာ တည်ထားကိုး ကွယ်ခဲ့သော ရုပ်ပွားတော်မြတ်ကြီး၏ မျက်လုံးတော်နှင့်လိုက်ဖက်ညီသော မျက်လုံးတော်ပုံသဏ္ဍန်နှင့် တူညီသည့် မှန်တစ်စုံကို ဆပ်ကပ်လှူဒါန်းပါက မင်းကြီး၏နတ်မျက်စိအလင်းပြန်လည်ရရှိမည်ဟု လျှောက်တင် သဖြင့် မှန်တစ်စုံကို ရုပ်ပွားတော်မြတ်ကြီးအား ဆပ်ကပ်လှူဒါန်းခဲ့ရာ မင်းကြီး၏နတ်မျက်စိအလင်းပြန်လည်ရရှိ ခဲ့ကြောင်း လေ့လာသိရှိခဲ့ရပါတယ်.... မြန်မာသက္ကရာဇ် (၁၂၂၇ )ခုနှစ်တွင် ရွှေတောင်မြို့စားကြီး ဇေယျနန္နမိတ် က ယင်းရုပ်ပွားတော်မြတ်ကြီးအား ပြန်လည်ပြုပြင်မွမ်းမံ၍ ဒွတ္တဘောင်မင်းကြီးဆပ်ကပ်လှူဒါန်း ခဲ့သော မှန်တစ်စုံကို ရွှေသားအတိရှိသော မျက်မှန်တော်ကြီးအဖြစ် ပြုပြင်မွမ်းမံတပ်ဆင်ပူဇော်ခဲ့ပါတယ်...
မြန်မာသက္ကရာဇ် ( ၁၂၄၇ )ခုနှစ်၊ သီပေါမင်းပါတော်မူချိန်တွင် မျက်မှန်တော်ကြီးအခိုးခံခဲ့ရသဖြင့် ရွှေတောင်မြို့ဝန် ဦးမဲ က ဒုတိယမျက်မှန်တော်ကြီးကို ထပ်မံတပ်ဆင်ပူဇော်ခဲ့ပါတယ်... ခေတ်ကာလအခြေအနေမကောင်းသဖြင့် ရုပ်ပွားတော်ကြီး၏နောက်ဘက်ရှိစေတီတော်ကြီးတွင် ဌာပနာ၍ သိမ်းဆည်းပူဇော်ခဲ့ပါတယ်.....
တတိယမျက်မှန်တော်ကြီးကို ရွှေတောင်မြို့နယ်ပိုင်ဝန်ထောက် Mr.Hurtno နှင့် ဇနီးဖြစ်သူတို့ လှူဒါန်းပူဇော်ခဲ့ပါတယ်.... Mr.Hurtno က မိမိဇနီးမျက်စိဝေဒနာခံစားနေရသဖြင့် လောကီပညာ တတ်ကျွမ်းသည့် ရွှေမျက်မှန်ဆရာတော်ဦးထောင်ဘိုထံ ဆည်းကပ်အကူအညီတောင်းရာ မြတ်စွာဘုရားအား မျက်မှန်ကပ်လှူခြင်းဖြင့် ဇနီးသည်၏ မျက်စိဝေဒနာပျောက်ကင်းမည်ဟု မိန့်ကြားကုစားစေခဲ့ပါတယ်.. ဒီလိုနဲ့ Mr.Hurtno ရဲ့ဇနီးလည်း မျက်မှန်အသေးတစ်လက်ကို အဓိဌာန်ဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ လက်တော်ပေါ်သို့ တင်လှူပြီး မျက်စိကုသခဲ့ရာ ပျောက်ကင်းခဲ့ပါတယ်..။ ဒါကြောင့် Mr.Hurtno နဲ့ဇနီးတို့ဟာ အလေးချိန် ( ၆ )ပိဿာခန့်ရှိသော မျက်မှန်တော်ကြီးပြုလုပ်၍ တပ်ဆင်လှူဒါန်းပူဇော်ခဲ့ပါတယ်...
အထက်ဖော်ပြပါ နယ်ပိုင်ဝန်ထောက်မင်းနှင့်ဇနီး တို့ လှူဒါန်းခဲ့သော မျက်မှန်တော်ကြီးမှာ အနည်းငယ် ပျက်စီးလာသဖြင့် မြန်မာသက္ကရာဇ် ( ၁၂၆၄ )ခုနှစ်တွင် ပြန်လည်ပြုပြင် လှူဒါန်းပူဇော်ခဲ့ပါတယ်.... ထို့အပြင် (၁၃၆၂ )ခုနှစ်တွင် ရွှေစင်ရွှေသား (၃၉)ကျပ်သားဖြင့် မျက်မှန်တော်ကြီး၏ မူလပုံစံအတိုင်းရှိစေလျှက် ထပ်မံ လှူဒါန်းပူဇော်ခဲ့ပါတယ်....
ဖော်ပြပါ ရွှေမျက်မှန်စေတီတော်မြတ်ကြီးကို လာရောက်ဖူးမျှော်ပြီး မျက်မှန်များဆက်ကပ်လှူဒါန်းကာ ဘုရားကြီးတွင်ရှိသော ဂါထာတော်ကိုရွတ်ဖတ်၍ အဓိဌာန်ပြုဆုတောင်းခဲ့ကြသော မျက်စိဝေဒနာရှင်များ မျက်စိအလင်းများ ပြန်လည်ရရှိခဲ့ဖူးပါကြောင်း အကျိုးမျှော်ကိုး၍ တင်ပြလိုက်ရပါတယ်......
No comments:
Post a Comment