ပြည်မြို့ကို ရောက်ပြီဆိုရင် ပထမဆုံးဦးခိုက်မြင်ရမှာက ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီးပဲ ဖြစ်ပါတယ်။ ရွှေဆံတော်ဘုရားရင်ပြင်တော်ပေါ်ရောက်ပြီဆိုပါက အရပ်ရှစ်မျက်နှာသဘာဝအလှရှုခင်းတွေ၊ ထည်ဝါ၀င့်တည် လှပနေတဲ့ န၀ဒေးတံတားကြီးရဲ့အလှ၊ အနီးအဝေးဘုရားစေတီပုထိုးတွေကို ရင်သပ်ရှုမော တွေ့မြင်နိုင်ပါသည်။ ပြည်မြို့ကို အပေါ်စီးက မြင်ရသည့် မြို့တည်နေပုံ အလှအပကိုလည်း လွှမ်းခြုံပြီး မြင်တွေ့နိုင်ပါသည်။ ပြည်မြို့၏ အဓိကရ ဘုရားပုထိုးတွေ၊ သမိုင်းမော်ကွန်းဝင်အဆောက်အဦးတွေကို ရွှေဆံတော်ကုန်းတော်ရင်ပြင်တော် ပေါ်ကနေ ဟိုမှာဒီမှာ တွေ့မြင့်နိုင်ပါသည်။ အရှေ့ဘက်မှာ ပြည်လုံးချမ်းသာဆယ်ထပ်ကြီးဘုရား၊ ဟိုးဝေးဝေးကို လှမ်းမျှော်ကြည်လိုက်ရင် ဘုရားကြီးဘုရား၊ ဘုရားမာဘုရားနှင့်ရှေးဟောင်းပျူမြို့တော်၏ လွမ်းမောဖွယ် ပုံရိပ်ကို ၀ိုးတ၀ါးတွေ့ရပါမည်။ မြောက်ဘက်ကိုလှမ်းကြည်မည်ဆိုလျှင် ဖိုးဦးတောင်စေတီနှင့် ဧရာဝတီမြစ်၏ စတုတ္ထမြစ်ကျဉ်းကိုလှမ်းမြင်နိုင်ပါသည်။ တောင်ဘက်ကိုကြည့်မယ်ဆိုရင်လည်း မင်းကြီးတောင်၏ အလှနှင့် သရေခေတ္တရာသမိုင်းအစ ဗေဒါရီဂူနှင့် ဗေဒါရီဂူတောရကျောင်းအပါအ၀င် မင်းကြီးတောင်အရိပ်မှာ ခိုနေကြသော တောရကျောင်းလေးတွေကို အိနြေ္ဒရရတည်ရှိနေတာ မြင်ရပါလိမ့်မည်။ အနောက်ဘက်ကို အနီး အဝေးဖြန့်ကြည့်မယ်ဆိုရင် ဧရာဝတီမြစ်ကြီးနှင့် န၀ဒေးတံတားကြီးကို အထင်းသားတွေ့နိုင်ပါလိမ့်အုံးမည်။ အနောက်ဘက်တောင်တန်းတလျှောက်မှာရှိတဲ့ တန့်ကြည့်တောင်စေတီ၊ ငွေဘုံသာ၊ ရွှေဘုံသာနှင့် ရွှေမုဌော စေတီတို့ကို လှမ်းမျှော်ကြည်ညိုလို့ရပါသည်။ ကျွန်တော်တို့ ပြည်မြို့သို့ ဘုရားဖူးရောက်သူတိုင်း အခုဖတ်နေချိန် မှာပင်လျှင် အခုချက်ချင်း မျက်စေ့ထဲမှာ မြင်ယောင်နေကြမည့် ရှုခင်းတွေ ဖြစ်ပါသည်။
သို့သော်လည်း ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အနောက်ဘက်စောင်းတန်း၏ တောင်ဘက် အောက်ခြေမှာရှိသည့် “ သရက်ပင်၊ ကျီးပင်၊ လင်းလွန်းပင်၊ ဆိတ်ကျောင်းညောင်ပင်၊ မဟာဗောဓိပင် ” စသည့် ပင်အိုကြီးများနှင့် အုံ့အုံ့ဆိုင်းဆိုင်းရှိနေတဲ့ တောအုပ်ကလေးတစ်ခုကိုတော့ ဘယ်သူမျှယောင်လို့ပင် ငုံ့ကြည့်လိမ့်မည် မထင်ပါ၊ အဲဒီ့ တောအုပ်မှိုင်းမှိုင်းလေးကလဲ လူသိမှာဆိုးသည့်အလား ပြားပြားလေးဝပ်နေခဲ့ ပါသည်။ ပြည်မြို့၏ အဓိကရ သာသနိကအဆောက်အဦး၊ သမိုင်းဝင်နေရာအသီးသီးတို့၏ ကြားမှာ မျက်နှာမွဲ ၊ မျက်နှာငယ်နဲ့ နေခဲ့တာကြာခဲ့ပါပြီ။ ထိုတောအုပ်ကလေးအတွင်းမှာ ငုတ်ရှိုးနေရရှာတဲ့ ဗောဓိညောင်ပင်၊ အဇပါလညောင်ပင်၊ လင်းလွန်းပင်အိုကြီးများသည် ပြည်မြို့၏ ဗုဒ္ဓသာသနာဆိုင်ရာ သမိုင်းမြှုပ်ကွက်ကြီးတစ်ခု ကို အမိအရဆုပ်ကိုင်ထိန်းသိမ်းထားရှာတာ နှစ်ပေါင်းကြာခဲ့ပါပြီး။ ထိုတောအုပ်ကလေးအတွင်းမှာ ရှိသည့် ဘုန်းကြီးကျောင်းအိုကလေးတစ်ကျောင်းကလည်း ကုပ်ကုပ်လေးငြိမ်သက်စွာ ရှိနေပါသည်။ အဲဒီ့ ဘုန်းတော် ကြီးကျောင်းအိုကလေးအမည်က “ သတ္တဌာန ” ကျောင်းတဲ့ ။ သတ္တဌာန ဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ဖါယ်ကို လည်း အများပြည်သူ/ပြည်သားများ ယောင်လို့တောင်တွေးကြည့်မိခဲ့ဟန် မတူပါ။ ပြီးခဲ့တဲ့ (၂၀၀၇)ခုနှစ်၊ နှစ်ဦး ပိုင်းမှာတော့ သတ္တဌာန ဆိုတာဘာလဲ။ ထိုတောအုပ်ကလေးအတွင်းမှာ ရှိတဲ့ ကျီးပင်၊ လင်းလွန်းပင်၊ ဆိပ်ကျောင်းညောင်ပင်၊ မဟာဗောဓိပင်နှင့်တကွ သာသနက အဆောက်အဦးတို့သည် မည်သည့်အဓိပ္ဖါယ်ကို ကိုယ်စားပြုတာလဲ စသည့်…စသည့် မေးခွန်းများ ပြည်မြို့သူမြို့သားတစ်ချို့၏ ရင်ထဲမှာ ပေါ်ပေါက်လာခဲ့ ကြပါတယ်။ ပြည်မြို့၊ ရွှေဆံတော်စေတီတော် အနောက်စောင်းတန်းခြေရင်းမှာရှိတဲ့ သတ္တဌာနအမည်ရှိ တောအုပ်လေးအတွင်းမှာ ငုတ်နေသည့် ဗုဒ္ဓသာသနာ့သမိုင်းမြှုပ်ကွက်ကို ဖော်ထုတ်တော့မည့် အမေးများ ဖြစ်လာခဲ့ပါသည်။
သတ္တဌာနကျောင်းဝန်းအတွင်းရှိ ဗောဓိညောင်ပင်ကို ကဆုန်လတိုင်းညောင်ရေသွန်းပွဲတော်ကို ပြုလုပ်နေကြသည့် ညောင်ရေသွန်းအကျိုးတော်ဆောင်အဖွဲ့တို့က ထိုတောအုပ်လေးအတွင်းမှ ကျောက်စာလေး တစ်ခုကိုအခြေပြုပြီး အဖြေရှာခဲ့ရာ မဟာဗောဓိပင်၊ ဆိတ်ကျောင်းညောင်ပင်၊ လင်းလွန်းပင် စသည့် အပင်အိုကြီးများ၏ သာသနာ့သမိုင်းသင်္ကေတများကို ဖော်ထုတ်နိုင်ခဲ့ကြခြင်းဖြစ်ပါသည်။ ထိုကျောက်စာ လေးတွင် ဖော်ပြထားသည်မှာ ------------------
ကောဇာသက္ကရာဇ်(၁၂၈၂)တပို့တွဲလဆန်း(၈)ရက်နေ့တွင် အိန္ဒိယနိုင်ငံ မဟာရာဇာမတ်ရှင် မိုးသွင်နှင့် ဇနီး၏ ပင့်ဖိတ်ချက်အရ ပြည်မြို့၊ ရွှေမြင်တင်ကျောင်းတိုက်ဆရာတော် ဦးဝိမလဘိဓဇသည် သင်္ဘောဖြင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာသို့ ဘုရားဖူးသွားရောက်ခဲ့သည်။ ဗုဒ္ဓဂယာတွင် သတ္တဌာနသတ္တာဟဘုရားများကို ဖူးတွေ့ ခဲ့ရသည်။ ဆရာတော်ဝိမလဘိဓဇသည် မြန်မာပြည်မှ လူအများ ဖူးမျှော်နိုင်စေရန် ရည်သန်ခဲ့သည်။ သို့ဖြစ်၍ မြန်မာပြည်တွင် သတ္တာသဟဘုရားများတည်ရန် အိန္ဒိယနိုင်ငံ စစ်တကောင်းကျောင်းတိုက် ဆရာတော်၏ မယ်တော် ပြည်မြို့သူ ဒေါ်ဖြူသည် ဗုဒ္ဓဂယာ သတ္တဌာန(၇)နေရာမှ ဆိတ်ကျောင်းညောင်ပင်၊ လင်းလွန်းပင်၊ ကျီးပင်၊ ဗောဓိညောင်ပင်တို့မှ မျိုးစေ့များကို သတ္တာဟမြေ(၇)မျိုးဖြင့် မုစလိန္ဒာအိုင်၊ နေရဉ္ဇရာမြစ်၊ အနောမာမြစ်တို့မှ ရေဖြင့်လောင်း၍ သံဃာ(၇)ပါး၊ ပရိတ်ရွတ်ပူဇော်ပြီး ပျိုးခဲ့သည်။ ထိုအပင်များ ရှင်သန်လာသောအခါ အိန္ဒိယနိုင်ငံ စစ်တကောင်းကျောင်း ဆရာတော်မှ ပြည်မြို့၊ရွှေမြင်တင်ကျောင်း ဆရာတော်ထံ ပေးပို့ခဲ့သည်။ အိန္ဒိယနိုင်ငံဗုဒ္ဓဂယာမှ သတ္တဌာန(၇)ဆူသော ဘုရားများ အတိုင်းအထွာအကွာ အဝေး ပန္နက်ပုံလည်းပါဝင်သည်။ ဗုဒ္ဓဂယာတွင်ရှိသော ဆိတ်ကျောင်းညောင်ပင်၊ လင်းလွန်းပင်၊ ကျီးပင်၊ ဗောဓိညောင်ပင် တည်ရှိပုံအနေအထား အကွာအဝေးများအတိုင်း တိကျစွာဖြင့် ပြည်မြို့ရွှေဆံတော်စေတီမြတ် ကြီး၏ အနောက်စောင်းတန်းနှင့်ကပ်လျှက်နေရာတွင် ပန္နက်ချတည်ဆောက်ခဲ့ပါသည်။ ကောဇာသက္ကရာဇ် (၁၂၈၃)ခုနှစ်၊ တပို့တွဲလကွယ်နေ့တွင် အောင်မြင်စွာ တည်ထားခဲ့ခြင်းဖြစ်ပါသည်။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာမှ သတ္တဌာနဘုရားများ တည်နေပုံအကွာအဝေး အတိုင်းအထွာများအတိုင်း တိတိကျကျပုံတူပြုလုပ်ထားခဲ့ပါသည်။ ထိုသတ္တဌာနဘုရား(၇)ဆူ တည်ထားရာ ကျောင်းဝန်းကိုလည်း သတ္တဌာနကျောင်းတိုက်ဟု အမည်ပေးခဲ့ခြင်း ဖြစ်ပါသည်။
ယခုအခါ(၆၈)နှစ်ရှိပြီ ဖြစ်ပါသောကြောင့် ထိုကျောင်းတိုက်အတွင်းရှိ ဆိတ်ကျောင်းညောင်ပင်၊ လင်းလွန်းပင်၊ ကျီးပင်၊ ဗောဓိညောင်ပင်နှင့် သာသနိကအဆောက်အဦးများသည် သဘာဝရာသီဥတုဒဏ် ကြောင့် ပျက်ဆီးယိုယွင်းလျှက်ရှိသည်ကို (၂၀၀၇)ခုနှစ်၊ နှစ်ဆန်းပိုင်းမှ စတင်၍ ခြုံနွယ်များရှင်းလင်းခြင်း၊ သတ္တာသဟဆိုင်ရာ သာသနိကအဆောက်အဦးဟောင်းများကို ဖော်ထုတ်ခြင်းများ / ပြုပြင်မွမ်းမံခြင်းများကို ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ဆရာတော်ဒေါက်တာဥာဏိသရ၏ လမ်းညွှန်သြ၀ါဒကိုခံယူ၍ ပြုပြင်ထိန်းသိမ်းခြင်းကိစ္စအ၀၀ အမှားအယွင်းမရှိစေရန် သြ၀ါဒခံယူဆောင်ရွက်ခဲ့ သည့်အတွက် ဆိတ်ကျောင်းညောင်ပင်၊ လင်းလွန်းပင်၊ ကျီးပင်၊ ဗောဓိညောင်ပင်အိုကြီးများ အထင်အရှားပေါ်လွင်လာပြီး၊ ဗုဒ္ဓဂယာတွင်တည်ရှိသော သတ္တာသဟ(၇)နေရာ၏ ပန္နက်ပုံစံအတိုင်း မုစလိန္ဒာအိုင်နေရာအပါအ၀င် တည်ထား ခဲ့သည်ကို အထင်အရှားဖူးတွေ့နိုင်ပြီ ဖြစ်ပါသည်။ ဘုရားဖူးရာသီများတွင် ပြည်မြို့သို့ဘုရားဖူးလာရောက်သူများ ပြည်ရွှေဆံတော်ဘုရား အနောက်စောင်းတန်း တောင်ခြေရှိ သတ္တဌာနဘုရားများကို အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရှိ သတ္တဌာနဘုရားများ၏ မုဒြာပုံစံများအတိုင်း ဗောဓိပင်၊ ဆိတ်ကျောင်းညောင်ပင်၊ ကျီးပင်၊ လင်းလွန်းပင် စသည့် ဗုဒ္ဓသာသနာ့သမိုင်းဝင် အဓိကရအထိမ်းအမှတ်များကို ဖူးမျှော်ကြည်ညို၍ ဓမ္မရသများကို ခံစားနိုင်ကြတော့မှာ ဖြစ်ပါတယ်။ နောင်များဆိုလျှင် ပြည်မြို့သို့ရောက်ခဲ့သည်ရှိသော် သတ္တဌာနဘုရားများတည်ရှိရာ ဗုဒ္ဓဂယာ မိတ္တူလေး တစ်ခုဖြစ်သည့် သတ္တဌာနတောအုပ်လေးကို မမေ့မလျော့ဘဲ ၀င်ရောက်ဖူးမျှော်နိုင်ပါရန် နိဗ္ဗာန်အကျိုးမျှော်၍ သတင်းစကား လက်ဆင့်ကမ်းလိုက်ပါတယ် မိတ်ဆွေတို့ …………….။
*********************

No comments:
Post a Comment